ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲ့မှု ကော်မတီ၊ ဥက္ကဌ၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်မှ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး Mr. MARUYAMA Ichiro အား လက်ခံတွေ့ဆုံ


ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲ့မှု ကော်မတီ၊ ဥက္ကဌ၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်သည် မြန်မာနိုင်ငံဆိုင်ရာ ဂျပန် သံအမတ်ကြီး Mr. MARUYAMA Ichiro နှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံ သံရုံးမှ ကိုယ်စားလှယ်များအား ဒီဇင်ဘာလ (၁၆) ရက်နေ့ နေ့လည် (၂) နာရီတွင် ထားဝယ်အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ၊ ဒုတိယဥက္ကဌ (၁)၊ ဒေါ်ရီရီချို၊ ဒုတိယဥက္ကဌ (၂)၊ ဒေါက်တာမြင့်ဆန်းနှင့် အတွင်းရေးမှူး၊ ဒေါက်တာတင်ထူးနိုင် တို့နှင့်အတူ Online Video Conferencing စနစ်ဖြင့် လက်ခံတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

ထိုသို့ တွေ့ဆုံရာတွင် DSEZ MC ဥက္ကဌ၊ ဒေါက်တာထွန်းနိုင်မှ ဂျပန်နိုင်ငံအနေဖြင့် မြန်မာ-ထိုင်း ဖွဲ့စည်းထားသည့် ထားဝယ်အထူးစီးပွားရေးဇုန် ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးအဆင့် ကော်မတီနှင့် အဆင့်မြင့် ကော်မတီများတွင် ပါဝင်လိုမှုအပေါ် ကြိုဆို လက်ခံပြီး ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး၊ ထားဝယ် အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်း စီမံကိန်း ဖွံ့ဖြိုး တိုးတက်ရေး (Dawei SEZ Deep Sea Port Development) အတွက် ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ ပီပီပြင်ပြင် ဖြစ်ပေါ်လာရေးနှင့် ပင်မ စီမံကိန်းအတွက် မဟာဗျုဟာမြောက် ပတ်ဝန်းကျင်ဆိုင်ရာ ဆန်းစစ်ခြင်း (Strategic Environmental Assessment) ဆောင်ရွက်မည့်အစီအစဉ်များအား ဆွေးနွေးခဲ့ကြပါသည်။



