ထားဝယ် အထူး စီးပွားရေးဇုန် စီမံကိန်း အကောင် အထည်ဖော်မှု အခြေအနေများနှင့် စပ်လျဉ်း၍ “ပြည်သူ့ကြားနာပွဲ” အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ခြင်း။

ထားဝယ် အထူး စီးပွားရေးဇုန် စီမံကိန်း အကောင်အထည် ဖော်မှုများ ဖြစ်ပေါ် တိုးတက်မှု အခြေအနေများနှင့် ပတ်သက်၍ ပြည်သူ့ ကြားနာပွဲကို (၂၉-၁-၂၀၂၀) ရက်နေ့၊ နေ့လည် (၁) နာရီတွင် တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော် ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီး လွှတ်တော် ဒုတိယ ဥက္ကဌ ဦးကြည်စိုး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဥပဒေချုပ်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ သတင်း မီဒီယာများနှင့် စိတ်ပါ ဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီမှ ဒုတိယ ဥက္ကဌ (၁)၊ တနင်္သာရီတိုင်း ဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုမှ ကြိုဆို အဖွင့် အမှာစကား ပြောကြားခဲ့ပြီး၊ ဒုတိယ ဥက္ကဌ (၂)၊ ဒေါက်တာ မြင့်ဆန်း၊ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်၊ တွဲဖက် အတွင်းရေးမှူး (၁) ဒေါ်ခင်မိမိထွေး (DUHD,MOC) ၊ OSSC အဖွဲ့ခေါင်းဆောင် ဦးထွန်းထွန်းဝင်း (GAD)၊ အဖွဲ့ဝင်များ ဖြစ်သည့် ဦးမြတ်စိုးဝင်း (MPA)၊ ဒေါက်တာထွန်းထွန်း (DICA)၊ မြေယာ အကြံပေး ဦးအေးကြူ နှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ တနင်္သာရီတိုင်း ဒေသကြီး ညွှန်ကြားရေးမှူး ဦးသက်ဇော်ဝင်းတို့မှ ထားဝယ် အထူး စီးပွားရေးဇုန် စီမံကိန်း စတင် ဆောင်ရွက်ခဲ့သည့် အခြေအနေနှင့် လက်ရှိ ဆောင်ရွက် ဖြစ်ပေါ်တိုးတက်မှုများ၊ ထားဝယ် အထူး စီးပွားရေးဇုန်-ထီးခီး ၂-လမ်းသွား ကားလမ်း စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ၊ မြေယာ ကိစ္စများအား တင်ပြ ရှင်းလင်းပြီး တက်ရောက် လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းခြင်းနှင့် ပြန်လည် ဖြေကြားခြင်းတို့ကို ပြုလုပ်ခဲ့ပြီး ညနေ (၄:၀၀) တွင် အခမ်းအနား ပြီးဆုံးခဲ့ပါသည်။