Chairman's Message

 

chairman

 


သို့
ဒေသခံများ စီးပွားရေး လုပ်ငန်းရှင်များ၊ ပြည်တွင်းပြည်ပမှ ရင်းနှီး တည်ဆောက်သူနှင့် ရင်းနှီး မြှုပ်နှံသူများ ခင်ဗျား

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း လုပ်ငန်းများအား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ လမ်းညွှန် မှာကြားထားသည့် နိုင်ငံတော်၏ စီးပွားရေး မူဝါဒ (၁၂) ချက်၊ ပြဌာန်းထားသည့် စီးပွားဇုန် ဥပဒေ၊ နည်းဥပဒေများနှင့် အညီ လိုက်နာ ဆောင်ရွက်နေသလို ဇုန်လုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် အကောင်းဆုံး ညှိနှိုင်း ဆောင်ရွက် အဖြေရှာလျက် ရှိပြီး တစ်ဖက်မှလည်း ဒေသခံများ၏ လူမှုစီးပွားရေး လုပ်ငန်းများ ထိခိုက် နှစ်နာမှု လျော့နည်းစေရေးအတွက် နိုင်ငံတကာ စံချိန် စံညွှန်းများနှင့်အညီ ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် ဒေသခံ ပြည်သူလူထု၏ သဘောထားကိုလည်း လမ်းညွှန်ချက် နှင့်အညီ အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း တင်ပြလိုပါသည်။

အထူး စီးပွားရေးဇုန် လုပ်ငန်း အကြောင်းပြောလျှင် နိုင်ငံတော်၏ စီးပွားရေးမူဝါဒ (၁၂) ချက်နှင့် အများဆုံး ဆက်စပ်နေကြောင်း၊ SEZ များတွင် ရင်းနှီး မြှုပ်နှံထားသည့် နိုင်ငံခြား ကုမ္ပဏီများရဲ့ အောင်မြင် မှုဖြင့် ကမ္ဘာ့ ယုံကြည်မှုကို တည်ဆောက်ရမည် ဖြစ်ကြောင်း၊ ယုံကြည်မှု ရရှိမှသာ ရင်းနှီး မြှုပ်နှံလာမည် ဖြစ်ကြောင်း၊ ကိုယ့်ကိုယ်ကို အားကိုးရမည် ဖြစ်သော်လည်း၊ ဘယ်လိုမှ အထီးကျန် နေထိုင်၍ မဖြစ်ကြောင်း၊ နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို (Jump Start) ခုန်ပျံပြီး ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်ပေးကြရန် ဖြစ်ကြောင်း၊ ထားဝယ် အထူး စီးပွားရေးဇုန်သည် အခြေခံ အဆောက်အဦ ဖွံ့ဖြိုးရေးအတွက် PPP Mechanism ပုံစံဖြင့် ဆောင်ရွက်ကြောင်းနှင့် အဓိကအားဖြင့် ဒေသန္တရ ဖွံ့ဖြိုးရေးကို ဦးတည်ကြောင်း တင်ပြလိုပါသည်။

မိမိအနေနှင့် ထားဝယ် အထူး စီးပွားရေးဇုန် စီမံကိန်း၏ စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌအဖြစ် ၂၀၁၆ ခုနှစ်၊အောက်တိုဘာလ ၂၇ တွင် စတင် ထမ်းဆောင်ခဲ့ပါသည်။ စတင် တာဝန် ထမ်းဆောင်ချိန်၌ ထားဝယ် အထူး စီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ အနေဖြင့် ထားဝယ် အထူး စီးပွားရေးဇုန် စီမံကိန်း အမြန်ဆုံး စတင် ဆောင်ရွက်နိုင်ရေးအတွက် ကနဦး စီမံကိန်း၏ ရင်းနှီး တည်ဆောက်သူနှင့် စီမံကိန်း လုပ်ငန်းများ စတင်နိုင်ရေး ဆောင်ရွက်ခြင်းများနှင့် လိုအပ်သည့် အကူအညီများ ပံ့ပိုး ပေးခြင်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ တနင်္သာရီတိုင်း အစိုးရ အဖွဲ့တို့နှင့် ပူးပေါင်း ညှိနှိုင်း၍ မပြတ် ဆောင်ရွက်ခဲ့ပါသည်။ စီမံကိန်း အောင်မြင်ရေးအတွက် မရှိမဖြစ် အရေးကြီးသည့် လမ်း၊ ဆိပ်ကမ်း၊ လျှပ်စစ်မီးစသည့် အခြေခံ အဆောက်အဦများ အမြန်ဆုံး တည်ဆောက် အကောင်အထည်ဖော်ရေး အတွက်လည်း ပံ့ပိုး ဆောင်ရွက်လျက် ရှိပါသည်။
   
ထားဝယ် အထူး စီးပွားရေးဇုန်သည် အာဆီယံ ဒေသအတွင်း အဓိက ကျသော ချိတ်ဆက်မှု အခန်းကဏ္ဍ၌ တည်ရှိသလို မဟာမဲခေါင် ဒေသ တောင်ဘက်ပိုင်း စီးပွားရေး စင်္ကြန်နှင့် ကုန်တွင်း ဒေသတွင်း ဖြစ်သည့် ထားဝယ်-ဘန်ကောက်-ဖနွမ်ပင်နှင့် ဟိုချီမင်းမြို့များသို့ ချိတ်ဆက် ပေးနိုင်သည့် အပြည်ပြည်ဆိုင်ရာ စီမံကိန်း တစ်ခု ဖြစ်ပါသည်။ ထိုနည်းတူစွာ ဤစီမံကိန်း ဖြစ်မြောက်ပါက အိန္ဒိယ၊ အရှေ့အလယ်ပိုင်း အာဖရိကနှင့် ဥရောပ နိုင်ငံများသို့ ဆက်သွယ်နိုင်ပြီး အရှေ့ အာရှနိုင်ငံများနှင့် ကုန်သွယ်မှု စီးဆင်းရန် အချက်အခြာ ကျသည့် အနောက်ဘက် ဂိတ်တံခါးဝ အဖြစ် ပေါ်ထွန်းလာမည် ဖြစ်ပါသည်။ အကျိုး ကျေးဇူးများ အနေဖြင့် ကြည့်မည်ဆိုလျှင် ဒေသခံ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ပိုမို ရရှိလာမည် ဖြစ်သလို လူနေမှု အဆင့်အတန်း မြှင့်မားလာပြီး နိုင်ငံတော်၏ စီးပွားရေးအပေါ် တစ်စိတ်တစ်ပိုင်း အကျိုး ဖြစ်ထွန်းစေမည် ဖြစ်ပါသည်။ အဆိုပါ ရရှိလာနိုင်မည့် အကျိုးကျေးဇူး များကို ထောက်ရှု၍ မိမိတို့ အနေဖြင့် မိတ်ဖက်နိုင်ငံများ ဖြစ်သည့် ထိုင်းနိုင်ငံ-ဂျပန်နိုင်ငံ တို့နှင့်လည်း ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်ခြင်းများကို မြန်မာ အထူး စီးပွားရေးဇုန် ဗဟိုအဖွဲ့နှင့် ဗဟိုလုပ်ငန်း အဖွဲ့တို့၏ လမ်းညွှန်မှု နှင့်အညီ ဆောင်ရွက်လျက် ရှိပါသည်။

ရင်းနှီး မြှုပ်နှံသူများ အနေဖြင့် တနင်္သာရီဒေသနှင့် ပတ်ဝန်းကျင်ဒေသမှ ထွက်ရှိမည့် ခဲမဖြူ၊ အဖြိုက်နက်နှင့် ရေထွက်ကုန်များ၊ ယှဉ်ပြိုင်နိုင်မည့် လုပ်သား အရင်းအမြစ်များ စသည့်အပြင် မြန်မာ အထူး စီးပွားရေးဇုန် ဥပဒေအရ ဝင်ငွေခွန် ကင်းလွတ်ခွင့်နှင့် သက်သာခွင့် များစွာ ရရှိမည် ဖြစ်သည့်အတွက် လာရောက် ရင်းနှီး မြှုပ်နှံသင့်သော စီမံကိန်း တစ်ခုလည်း ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ လူကြီးမင်းများ အနေဖြင့် အနာဂတ်တွင် များစွာ အလားအလာ ကောင်းမွန်သော ထားဝယ် အထူး စီးပွားရေးဇုန်၌ လာရောက် လုပ်ကိုင် ဆောင်ရွက်ကြပါရန်နှင့် လိုအပ်သည့် အကူအညီ အထောက်အပံ့များ ကိုလည်း နွေးထွေးမှု များစွာဖြင့် ကြိုဆို ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။
အားလုံး ကျန်းမာ ချမ်းသာ၍ လိုရာဆန္ ဒပြည့်ဝပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

ဒေါက်တာထွန်းနိုင်
ဥက္ကဋ္ဌ
ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ